Thursday, January 13, 2011

အလုံးဆိုသည်မှာ .....

အားကစား လောကတွင် အလုံးကိစ္စ သည် အတော် နေရာ ရနေပေသည်။ ဒီစကား ထင်ရှားပုံကို ရှုကြကုန်လော့။


က မ္ဘာတ၀ှမ်း ထင်၇ှားသော “ဘောလုံး”ကစားနည်းဆိုသည်မှာ ”အလုံး” တစ်လုံးကို လူတလှေကြီးက ကွင်းပြောင်ပြောင် တစ်ခုထဲတွင် သူရငါရ ခြေထောက်နှင့်သာ ပညာပြ လုယက်ကြပြီး သူ့ အပေါက်ထဲ ကိုယ်ကန်၊ ကိုယ့်အပေါက်ထဲသူကန်နှင့် အပြိုင်အဆိုင် နှံကြရသော အားကစားဖြစ်ပေရာ ဒိုင်လူကြီးဆိုသည့်(သူလည်းမကန်ရပါဘဲ) ဟိုပြေးဒီပြေးနှင့် စည်းကမ်းတွေ ထုတ်တတ်သော မည်းမည်း ငနဲတစ်ကောင် ၀င်၇ှုပ်နေသည်မှအပ ကြည့်လို့ ကောင်းသော ကိစ္စ ဖြစ်ပေသည်။
”အလုံး” တစ်လုံးကို ခြေနှင့်မကန်ဘဲ လက်နှင့်ပုတ်ပြီးနွှဲရသော အခြားအားကစား၂ခုမှာကား ကွင်းခလယ်အလယ်တွင် ပိုက်တားပြီး လူအုပ်စု နှစ်ဖက်မှ မမှီမကမ်းလှမ်းလှမ်းပုတ်ရသော
”ဘောလီဘော” ကိစ္စနှင့် မိုးပေါ်မြောက်ထားသော ခြင်းပေါက်၂ခု ထဲ သူ့ ဘက်ကိုယ့်ဘက်ခွဲပြီး လက်နှင့်လုယက် ခုန်ပေါက်ပစ်ထည့်ရသော ”ဘက်စကတ်ဘော” ကိစ္စ တို့ ဖြစ်ရာ ၂နည်းစလုံးမှာ မမှီမကမ်း လုပ်ကိုင်ရသော သာဘောရှိသည်ဖြစ်သောကြောင့် ထိုအားကစားလိုက်စားသူများခမျာကြာသော် ကျလျှင်ကျ သို့ မဟုတ် ကျကျမကျကျ ရှည်လာတတ်ကြသည်မှာ ပြောစရာလိုသည်မဟုတ်ပေ။


နောက် ”အလုံး” ကိစ္စတစ်ခုရှိသည်မှာ ပေါ့ပေါ့ပါးပါး လုပ်ထားလည်းရပါလျက် ဒုက္ခပေးရန်အကြံနှင့် မလေးလေးအောင် စီမံထားသော ဘောပြောင်ချောချောကို ပြေးလမ်းပြောင်ချောချောပေါ်သို့  ဖိနပ်ပြောင်ချောချာစီးကာ ပြောင်ချော်ချော်ရုပ်နှင့်ငုတ်တုတ်ခံနေသောအတံအဖြူလေးများကိုမှန်အောင်ပစ်ရသော ”ဘိုးလိန်း” အားကစားပင်တည်း။


နောက် ”အလုံး” အမျိုးမျိုးကို တုတ်အမျိုးမျိုးနှင့် ရိုက်နှက် ကစားရသော အားကစားနည်းများစွာလည်းရှိနေသေးပေရာ ကူလီကူမာအကြံနှင့် မသိသူ အမှတ်တမဲ့ ခြေနှင့် သွားကန်မိလျှင် မချိမဆန့် ခံရနိုင်သည့် သစ်သားအလုံးကို သားရည်ပြားအုပ်ပြီး တုတ်ပြားပြားနှင့် ရိုက်နှက်ဆုံးမရသည့် ကျီးသားရိုက်ပုံနှင့် ခပ်ဆင်ဆင် ”ခရစ်ကက်” အားကစားသည်လည်းကောင်း၊ သူနှင့်သဘောတူ ဘယ်သူအဖေ ဘယ်သူသား ဘယ်ဟာအရင်စပေါ်ခဲ့သလဲ ကျွန်တော်မကွဲသော သားရေအလုံးကို တုတ်လုံးလုံးနှင့် ရိုက်ကစားကြသည့် ”ဘေ့စ်ဘော” အားကစားသည်လည်းကောင်း၊ လိမ္မာချင်သော်လည်း ပြေးချင်လွှားချင်၇ှိလှသည့် မြင်းသတ္တ၀ါကို တက်စီးပြီးကာမှ (အချို့ ဒေသများတွင် မြင်းအဆင်မပြေသဖြင့် ကုလားအုတ်ကြီး ခွပြီး ဆော့ကြသည်ဟု ကျွန်တော် ကြားဖူး၏) ကုန်းကုန်းကွကွနှင့် မြေပြင်မှ ”အလုံး”ကို တုတ်တံနှင့် လိုက်ကြုံးရိုက်ရသော ”ပိုလို” အားကစားသည်လည်းကောင်း ၊ နောက်မှ မြင်းပေါ်မှတဖုန်းဖုန်း ပြုတ်ကျကြသောကြောင့် တင်းလာကြသဖြင့် မြင်းကိုဖယ်ကာ လူသက်သက် ဆက်တွယ်ကြပုံရသည့် ”ဟော်ကီ” အားကစားသည်လည်းကောင်း၊ ခုန်ဆွခုန်ဆွနှင့် ဘယ်လိုမှအငြိမ်မနေသည့် အမွှေးအတောင်ပေါက်နေသော သားရေအလုံးသွားရာနောက်သို့ ဖတ်ဖတ်မောအောင်လိုက်ပြီး ”ရက်ကတ်” ခေါ်သည့် လက်နက်တုတ်တံဖြင့် တစ်ယောက်တစ်ချက် ၊ ဟိုဘက်သည်ဘက် နှင်ရသည့် ”တင်းနစ်” အားကစားသည်လည်းကောင်း။ နောက်ပင်ပန်းလွန်းလှသဖြင့် သေးငယ်သော ”အလုံး” ကို ခုံပေါ်ဝယ် တစ်ဖက်တစ်ချက် ရက်ကတ် ငုတ်တို လေး ဖြင့် ရိုက်ကစားကြည့်ရာ မသက်သာသည့် အပြင် ပိုသေးသော ”အလုံး” သည် ပိုခုန် ပိုသွက် လေသဖြင့် ကစားသူနှစ်ယောက် ခမျာ ဆတ်စလူးခါ၇ရှာလေသော ”ပင်ပေါင်” ခေါ် “Table Tennis” ကစားနည်းသည်လည်းကောင်း၊ ”အလုံး” ကိုတုတ်တံနှင့် ရိုက်ရတာချင်းတူသော်ငြားလည်း တစ်ခါရိုက် လျှင် တမျှော်တခေါ်ကြီး ရောက်ရောက်သွားသဖြင့် ရိုက်ရတာနည်းနည်း၊ နောက်ကလိုက်နေရ ပျောက်သွးလျှင် ရှာရသည်ကများကာ အချိန်ကုန် လျှာထါက် တပွဲတပွဲ ပြီးလျှင်ပက်လက် ဖြစ်နေတတ်သည့် “Golf” ခေါ် ဂေါက်သီးရိုက်အားကစားသည်လည်းကောင်း စသည်စသည်ဖြင့် လူတို့ သည် အလုံးတလုံးရလျှင် မျိုးစုံအောင်ဆော့ပြီး ”အလုံး” အားကစားများ ပွထလျက် ရှိပေ၏။


ထိုမျှသာမကသေး အလုံးတစ်လုံး ကို ကုန်းပေါ်မှာ ဆော့ပြီးမှ အားမရ ရေထဲထိအောင်ဆင်းပြီး အလုံးနှင့် ကမြင်းကြောထကြသည့် “Water Polo” ခေါ် ရေဘောလုံး ကစားနည်းသည်လည်းကောင်း၊ တုတ်နှင့် မရိုက်ပဲ တုတ်နှင့် ထိုးလျှင် ဘယ့်နှယ့်နေမလဲ ဟုတွေးထင်သည်မက တစ်လုံးဆော့ရသည်ကိုအားမရသဖြင့် အလုံးတပြုံတမ တုတ်ဖြင့် ၀ိုင်းထိုးကြသည့် ”ဘိလိယက် စနူကာ” အားကစားသည်လည်းကောင်း စသဖြင့် အလုံးနှင့် ပတ်သတ်ပြီး ကပ်သီးကပ်သပ် ကိစ္စများ များစွာရှိနေလေသည်။


လူဆိုသည်မှာလည်း အလုံးကြီး တစ်လုံးပေါ်တွင်ကပ်ရပ်နေကြရသည်ဖြစ်လျက် ထိုအလုံးကြီးကို ” ကမ္ဘာလုံးကြီး” ဟု သူတို့ ဟာသူတို့ နာမည်ပေးထားကြသည်ဖြစ်သည့် အလျောက် ”အလုံး” မြင်လျှင် စိတ်ဝင်စားတတ်ကြသည်မှာ ဆန်းလှသည်ဟု မဆိုနိုင်ပါပေ။(ကမ္ဘာလုံးကြီး ကို သူ့ အလုံးကြီး ငါ့အလုံးကြီးဟု ယနေ့ တိုင်မလုကြသေးသဖြင့် သက်ပြင်းချရသော်ငြား လုချင်ချင် သဘောများတွေ့ ရသဖြင့် စိတ်ချရသည်ဟုတော့ မဆိုသာပေ။)
မည်မျှအလုံးကို ချစ်ကြပါသနည်းဟူမူ ဘယ်လိုမှ မလုံးသော ကိစ္စ (ဥပမာ အုတ်ခဲ) ကိုပင် တလုံး နှစ်လုံး ဟု သမုတ်ချင်ကြပြီး ရှည်ရှည် ဖြစ်နေသောအရာ (ဥပမာ ၀ါးနှင့် သံပိုက်၊ ပလတ်စတစ်ပိုက်) ကိုမျှ တစ်လုံး နှစ်လုံးပင်ခေါ်ကြပေရာ ”တစ်လုံး” မက ”နှစ်လုံးပြူး” ဟူသော သေနတ်အမျိုးအစားပင် ပေါ်ခဲ့သည်ဖြစ်ရာ တစ်ခေတ်တစ်ခါက သူကြီးများ ဂိုက်ထားစရာဟု ရာဇ၀င် အလာရှိပေသည်။ သို့ သော် ကျွန်တော် ဆိုလိုချင်သည်မှာ နှစ်လုံးပြူး ကိစ္စ မဟုတ်၊ တခြားအလုပ်သာဖြစ်သဖြင့် နှစ်လုံးပြူးကို ခဏ ထောင်ထားလိုက်ရပေသည်။


ဆိုခဲ့ သည့်အတိုင်း လူတို့ သည် ”အလုံးကို” စိတ်ဝင်စားသကဲ့သို့ ကျွန်တော်သည်လည်း အမြီးမပေါက်၊ မှတ်ပုံတင်လည်း လက်ဝယ်တွင်ရောက်နေသဖြင့် လူဖြစ်လောက်သည်ဟု အထင်ရသဖြင့် ”အလုံး” နှင့် ပတ်သတ်သောအားကစားများကို စိတ်ဝင်စားလေရာ စပ်စပ် စပ်စပ် နှင့် ဘာမှမတတ်သည့် သ န္ဓေ ပါသည့်အလျောက် ဘယ်တခုတွင်မှ မပေါက်မြောက်သော်လည်း နိုင်သလောက်ဝင်ကြဲဖူးလေရာ အောက်ပါအတိုင်းဖြစ်လေသည်။
ကနဦးအစ ကျွန်တော်နှင့် ”အလုံး” ပတ်သက်ရသည်မှာ ”ဘော” ဖြစ်လေရာ ”ဘော” သည် ”ကန်” နှင့် တွဲပြီး မှတ်ထားမိလေသဖြင့် ငယ်စဉ်ကပင် ကျွန်တော့ရှေ့ ဘာ ”ဘော” ကျလာလာ ကန်လိုက်ရမှကျေနပ် ရလေကား မှန်များကွဲခြင်း၊ သူများသွားမှန်ခြင်း၊ ထွက်ပြေးဖူးခြင်း၊ မိသွားသောကြောင့် အရိုက်ခံအဆူခံ ဒဏ်ပေးခံရခြင်း၊ ဘောမကန်မိပဲ ခဲကန်မိခြင်း၊ ဘောနှင့် ခြေလွဲပြီး ပက်လက်လဲခြင်း၊ ကိုယ်ကန်ပြီး သူများမှန်ကာ အချင်းချင်းထိုးရခြင်း၊ ခြေဦးတည့် ရာ ကန်တတ်သောကြောင့် ဘောပေါက်သွားခြင်း၊ ဘောမြင်လျှင်ဝင်ဝင် ကန်မိတတ်သဖြင့် လိုရင်း ကိစ္စမေ့မေ့သွားခြင်း စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ဖြစ်ပျက်ခဲ့လေသည်။ ဘောနှင့်ကန်ကို မည်မျှတွဲ ပြီး မှတ်ထားမိလေသနည်းဟူမူ သွေးကြွပြီး တစ်ယောက်နှင့်တစ်ယောက်ဘေကြသော ကိစ္စ တွင်ပင် တစ်ပါးသူက လက်သီးသုံးသော်ငြားလည်း ကျွန်တော်က ခြေကိုအရင်သုံးသည်ဖြစ်ရာ မျက်လုံးပြူးအောင်ခံလိုက်ရရှာသူများ ရှိခဲ့ဖူးလေသည်။အသ်ကကြီးလာလတ်သေ် ဘောကို တမျိုးတမည် ကန်နေကြသည်ကို သဘောကျပြီး ”ဘော” ”ဇ” မသေးသည်လည်းဖြစ်ရာ ကျွန်တော် ပါထိုသို့ ဝင်ကန်မိသဖြင့် အိပ်ရေးတွေပျက်၊ မျက်တွင်း ဟောက်ပက်၊ စာစောင်ဖိုးလည်း အိတ်ထဲကထွက် ပြီး နောက်ဆုံး ဟိုး အဝေးကြီးမှာ သူတို့ ဟာသူတို့ ကန်နေသောဘောကကျွန်တော့ အားလာမှန်သဖြင့် လန်ကျန်ခဲ့သည်တွင်မှ ဘော ကိစ္စှဇာတ်သိမ်းခဲ့လေသည် ဖြစ်သောကြောင့် အရှေ့ အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများရှိသည်ကိုသိရသောအခါမှ ကျွန်တော်လည်းဘောသွေးကြွ ဖြစ်ခဲ့ဖူးကြောင်း ဇာတ်ဟောင်းလှန်ပြရပေသည်။


သို့ ရာတွင် “Soccer” ဆိုတော်ပါဟု စိတ်ပင်နာသော်ငြားလည်း အလုံးမြင်လျှင်မနေနိုင် လက်ယားတတ်သည့် အားလျော်စွာ ဘတ်စကတ်ဘော တဗြောက်ဗြောက် ၀င်ပုတ်မိပြန်ရာ ထိုကစားနည်းမှာလည်း (ကစားဖူးသူများသိကြသည့် အတိုင်း) ဘောပစ်ဘောဖမ်း ကျွန်တော် မကျွမ်းဖြစ်သည့် အတွက် လက်ချောင်းဆယ်ချောင်းတွင် ကိုးချောင်းခေါက်ပြိး လူမြင်လျှင် အနူထင်လောက်အောင် ပတ်တီးအဖွေးသား ဒဏ်ကြေဆေးနံ့  တလွှားလွှားနှင့် ဆေးခန်းသွားခဲ့ရသည်က တစ်ကြိမ်၊ သူများပစ်လိုက်သောဘောကို လက်နှင့်မဖမ်းပဲ မျက်နှာ နှင့်ဖမ်းမိသောကြောင့်မျက်မှန်ခမျာ ကြားက အချောင်ကျိုးရရှာသည်ကတစ်ကြိမ်၊ ဖားနှင့်သားပိုက်ကောင် မဟုတ်ပါလျက် ခုန်ဆွဆွ သွားလုပ်မိသည့်တွက် အကျမတော် ခြေသပွတ်တိုင် ပျော်ပျော်ကြီး လည်သွားခဲ့သည် က တစ်ကြိမ်၊ ပြေးရင်းလွှားရင်း ချော်လဲကာ အင်္ဂတေပေါ် ရေကူးမိပြီး ခြေလက်နဖူး တံတောင် ဒူး တို့ တစ်ပြိုင်နက် စုတ်ဖူးခဲ့သည်ဖြစ်ရာ ထိုလောကကို စွန့် လွှတ်ရလေတော့သည်။
အမှတ်ထင်ထင် ကျွန်တော်စံချိန်ဝင်ခဲ့သည်မှာ သူများခြင်းထဲ ဘောလုံးနှင့် ပစ်ထည့်သမျှ တစ်ခါမှ မ၀င်ခဲ့ခြင်းပေတည်း။


အလုံးအားကစားလောကနှင့် ကျွန်တော်နောက်ဆုံးပတ်သတ်ခဲ့ သမျှမှာ “golf” ဟုခေါ်တွင်ရာ ဂေါက်သီးအားကစားသာ ဖြစ်ပြီး လက်ပြင်ငုတ်ရင်ငုတ် ၊ မငုတ်ရင် တုတ်ကျိုး မကျိုးရင်လက်နာ၊ မနာရင် ဘောလွဲ၊ မလွဲတော့ဘူးဆိုရင်တောင်မှ တောင်ရိုက်ရင် မြောက်ရောက်၊ အဝေးမှန်းရိုက်လို့ ဒီနားတင်ကျ၊ အားပါးတရ ဖုန်းခနဲ ဆော်လိုက်မှ တစ်ပေလောက်ပဲသွားလိုသွား ”ဟာရေးဘားဘား” အော်ခဲ့ရဖူးလေသည်။

မူရင်း - ကိုအရိုး 

No comments:

Post a Comment