Sunday, November 14, 2010

ပွင့်မြဲပွင့်နေမယ့် တံခါးတစ်ချပ်

လက်တွေတုန်နေတယ် ။ နံရံမှာကပ်နေတဲ့ ကပ်ခွာချိတ်နဲ့ သော့တွဲကို ချိတ်မိဖို့ အတော့ကိုကြိုးစားနေရတဲ့ ကျွန်မကို သူငယ်ချင်းတွေမြင်ရင် ဟားကြလိမ့်မည် ။ ဖေဖေနဲ့ မေမေမြင်ရင်တော့ အဖြစ်မရှိတဲ့သူတယောက်လို ကြည့်နေလိမ့်မည် ။
အမှန်က ဒီလောက်တုန်လှုပ်နေဖို့ အကြောင်းမရှိ…

စူပါမားကပ်သွားပြီး စိတ်လက်ပေါ့ပါးစွာတက်လာတဲ့ ကျွန်မ အဆောင်တံခါးကိုတွန်းအဖွင့်မှာတော့…
ဟင်…ဖိနပ်တစ်ရံ..
ကျွန်မခဏတော့တွေဝေသွားသည် ။
Shoe deck နားမှာ ဖိနပ်တစ်ရံတွေ့ တာကို ဒီလောက်အံ့သြနေရလားလို့ တချို့ ကအပြစ်မြင်ကောင်းမြင်မည်။ ဟင့်အင်း … ဒါကယောက်ျားလေးဖိနပ်တစ်ရံပါ ။

အာ..ယောကျာ်းလေးဖိနပ်တစ်ရံတွေ့ တာကို ရေးကြီးခွင်ကျယ်လုပ်လို့ ….အဆောင်ပဲ ယောက်ျားလေးသူငယ်ချင်းတွေ လာလည်ကြတာဖြစ်မပေါ့…နင်ဟာလေတော်တော် အဖြစ်သည်းလို့ ကိုယ့်ဘာသာကိုယ် ရယ်သွမ်းသွေးလိုက်သေးသည် ။
ဒါပေမဲ့ …ဘယ်သူ့ ဖိနပ်လဲ…ကျွန်မခေါင်းထဲမှာ အတွေးတွေက ချာချာလည်နေသည် ။ ကြာကြာတော့ မတွေးလိုက်ရ … အရင်က ဖိနပ်ကိုမမြင်ဖူးပေမဲ့..ဖိနပ်ပိုင်ရှင်ကတော့ ကျွန်မနဲ့ သိပ်စိမ်းလှသူမဟုတ်…ဘာကြောင့်လာတာလဲ ဒါဆို??? အရင်ကမြင်ဖူးနေတဲ့ အတွေ့ အကြုံရယ်၊ ကြားခဲ့ရတဲ့ စကားတွေရယ် ၊ကျွန်မရင်ထဲက သိနှင့်နေပြီးဖြစ်တဲ့ အသိတွေ… အဲ့ဒါတွေက ထပ်လို့ တောင်မတွေးသင့်တော့တဲ့မေးခွန်းလို့ ပြောပြီးလှောင်ပြောင်နေရော့မည် ။

ဒါပေမဲ့ ဒီအကြောင်းပြချက်တွေက ကျွန်မနှလုံးသားကိုနာကျင်စေမဲ့ ကျွန်မရဲ့ အတွေးတွေကိုေ၀၀ါးစေတဲ့ အကြောင်းအရာတခုဆိုရင်တော့ လုံလောက်နေပါပြီ ။ ကျွန်မဖိနပ်ကို ငုံ့ ကြည့် လိုက်ရင်း(ဘယ်သူ့ ဖိနပ်လဲဆိုတဲ့ အဖြေကိုရပြီးနောက်ပေါ့) ကျွန်မခပ်ဟဟ နာကျင်စွာပြုံးလိုက်မိပါတယ် ။
နောက်တော့သူ့ ကိုစားပွဲမှာ စာဖတ်ရင်း သူ့ ကောင်မလေးကိုထိုင်စောင့်နေတာ ကျွန်မတွေ့ လိုက်တယ်လေ ။ သူကတော့ မော့ကြည့်လိုက်ရင်း ဘာမှမသိတဲ့လူတယောက် (တကယ်တော့ သူဘာမှမသိပါဘူးလေ) က အသိမိတ်ဆွေ တယောက်ကို တွေ့ လို့ သာမန်လေး နှုတ်ဆက်သလိုမျိုး “ဟိုင်း” တဲ့ ။

“အို..မပြုံးပြနဲ့ ..ငါ့ကိုနှုတ်မဆက်စမ်းနဲ့ ..ငါ့အဆောင်တိုက်ခန်းမှာ နင့်ကိုမတွေ့ ချင်ဘူး”…တကယ်တော့ဒီစကားတွေကို ကျွန်မ ရင်ထဲကပဲပြောနေမိတာပါ ။ အမှန်တကယ် ၀န်ခံရမယ်ဆိုရင် မနာလိုစိတ်ဖြစ်နေတဲ့ မိန်းမတယောက်ရဲ့ ကိုယ်မပိုင်ဆိုင်နိုင်တော့တဲ့ ယောကျာ်းတယောက်ကို တခြားမိန်းမတယောက်ရဲ့ ရင်ခွင်မှာ မတွေ့ ချင်လို့ ပွင့်အန်ထွက်လာတဲ့ အသံတိတ်စကားရယ်ပါ ။
ကျွန်မပြန်ပြီးနှုတ်ဆက်မိသလား…နှုတ်ဆက်မိရင်တောင် ဒါဟာ အသက်မပါတဲ့ ဟန်ဆောင်တဲ့ အပြုံးတခုသာဖြစ်မယ်လေ…သူကရောရိပ်မိလေမလား…ကျွန်မကိုယ်ကျွန်မ ဟန်ဆောင်ကောင်းတဲ့မိန်းမလို့ မသတ်မှတ်ချင်ပါဘူး… ဒါပေမဲ့ ဒါကိုတော့ သူ့ ကိုမသိစေချင်ဘူး… ကျွန်မချစ်ပေမဲ့ ကျွန်မ သူ့ ကို ဘယ်တော့မှ မသိစေချင်ပါဘူး…ဒါကိုမာနလို့ ပြောရင်လည်း ကျွန်မ လက်ခံနိုင်ပါတယ် ။

ခပ်မြန်မြန်ပဲ သူ့ ကိုပြုံးပြလိုက်ပြီးတော့ (ပြုံးပြတယ်လို့ ထင်တာပါပဲလေ) အခန်းထဲကို ကျွန်မ အမြန်ပြေးဝင်ချင်နေမိတယ် ။
အာ…အရေးထဲ ဒီသော့ ကလည်းဖွင့်လို့ မရ… အလျင်လိုအနှေးဖြစ်ဆိုတာ ဒါပဲနေမှာ…
သူကတော့ ကြောင်တောင်တောင်ဖြစ်နေမလားပဲလေ…ငယ်သူငယ်ချင်းတယောက်ကို စကားလေးတခွန်းတောင်ပြောဖော်မရတဲ့ လူမှုရေးအသိတရားခေါင်းပါးတဲ့ မိန်းမတယောက်လို့ ပဲသတ်မှတ်နေလေတော့မလား…
အို..ဒါငါနဲ့ ဘာဆိုင်လဲ..သော့မြန်မြန်ဖွင့်လို့ ရဖို့ ပဲ အရေးကြီးတယ်။

ဒီလိုနဲ့ အခန်းထဲကို ကျွန်မရောက်သွားတော့ ကျွန်မစိတ်တ၀က်လောက်တော့ သက်သာသွား တယ်ထင်ပါရဲ့။ အင်း သူရှိနေတဲ့နေရာ သူထိုင်နေတဲ့နေရာနဲ့ တံခါးတချပ်ခြားနေပြီပဲလေ…ဒါပေမဲ့ ရင်ခုန်တာကတော့ မပြယ်သေးပါဘူး…၀ယ်လာတဲ့ပစ္စည်း တွေကိုချ သော့ကိုသွားအချိတ်…လက်တွေဘာလို့ တုန်နေရတာလဲဟင်??? သွားမချိတ်ခင်သော့ကို လက်ကိုင်အိတ်ထဲ ပြန်ထည့်လိုက်မိသေးတယ် ။

“နင်စိတ်ငြိမ်ငြိမ်ထားစမ်း…နင့်အသက် ၂၀ကျော်နေပြီ…ဆယ်ကျော်သက်လဲမဟုတ်တော့ဘူး…ရူးမနေနဲ့ ..သူ့ အတွက်လွန်ခဲ့တဲ့ ၇နှစ်ကတည်းက ရူးလာခဲ့တာ အဆုံးသတ်စမ်း…” (သိစိတ်)
“အာ…ဘာဖြစ်လဲ ကိုယ်သိပ်ချစ်တဲ့ လူတယောက်ကို တခြားသူတယောက်နဲ့ တွေ့ လိုက်ရတော့ တုန်လှုပ်တာပေါ့…အသက်၂၀ပြည့်လဲ ဘာဖြစ်လဲ …အသက်ဆိုတာက ကိန်းဂဏန်းတခုရယ်ပါ…”(မသိစိတ်)

ဟင်း..ခုမှ ဒုက္ခ ဖုန်းကဒ်…ဖုန်းကဒ်ကျန်ခဲ့ပြီ… ပ စ္စည်းတွေကိုအပြင်မှာ သော့ဖွင့်မလို့ ချထားတုန်း ကျနေရစ်ခဲ့တာဖြစ်မယ် … ပြန်ထွက်ရမလား…
“ဒီလောက်တုန်တုန်ရင်ရင်နဲ့  ဒီအခက်အခဲကိုကျော်လာပြီးပြီပဲ ခုနကအခန်းထဲဝင်တုန်းကတောင်သူ့ ကောင်မလေး အခန်းထဲက ထွက်လာတာမြင်လိုက်သားနဲ့ …ဘာထွက်လုပ်မှာလဲ ပြန်မသွားစမ်းနဲ့ ”
“ဟင့်အင်း..ငါကဘာအပြစ်လုပ်ထားလို့ သူတို့ ကိုရှောင်နေရမှာလဲ..ဒါငါ့အဆောင်လေ…ငါသူ့ ကိုချစ်မိတာအပြစ်လား…မရူးနဲ့  ဘာတွေဝေနေတာလဲ သွားလိုက်စမ်း…ခေါင်းမော့ပြီးသွားလိုက်စမ်း…နင့်အမှားလဲမရှိဘူး…အပြစ်လဲမရှိဘူး…ဘာတွေတွေးနေတာလဲ…မကြောက်စမ်းနဲ့ …မကြောင်စမ်းနဲ့ …”
ကျွန်မရဲ့စိတ်ထဲက ၀ိရောဓိတွေ….

ကျွန်မသွားယူဖို့ ဆုံးဖြတ်လိုက်တယ်လေ…ဒါတောင်မှ သူ့ တို့ ကိုမကြည့်ပဲ တချက်လေးတောင်စောင်းငဲ့မကြည့်ခဲ့ပဲ…မြန်မြန်ကောက်…မြန်မြန်ဝင်…
ဟင်..အခန်းတံခါးအပိတ်မှာပေါ့…

ကျွန်မအခန်းတံခါးကို ဘယ်ဖက်မှစောင်းပြီးကပ်ပိတ်ရင် Shoe deck ကို မြင်ရတယ်လေ…သူ..သူက အဲ့နားမှာ ဖုန်းပြောနေလေရဲ့…အင်း ခုနက သူ့ ဖုန်းလာသံကြားလိုက်မိတယ်လေ…
ကျွန်မသူ့ ကို လက်ငါးလုံးလောက်ပွင့်နေတဲ့တံခါးကြားထဲက စေ့စေ့ကြည့်လိုက်မိတယ်….
ဟင်…သူကလဲကျွန်မကိုပြန်ကြည့်နေလေရဲ့..ဒါပေမဲ့ သူ့ အကြည့်မဆုံးခင်လေး ကျွန်မအခန်းတံခါးကိုပိတ်လိုက်တယ်လေ…

တကယ်တော့ ကျွန်မပိတ်လို့ ရလိုက်တာ အခန်းတံခါးရယ်ပါ…ကျွန်မရဲ့သူ့ ကိုချစ်တဲ့ စိတ်ကိုတော့ မပိတ်လိုက်နိုင်ပါဘူး…ဘယ်တော့မှ ပိတ်လို့ မရဘူးဆိုတာကိုလဲ ကျွန်မသိလိုက်ပါပြီ ။ နောက်ထပ်ပိတ်ဖို့ လည်းမကြိုးစားတော့ပါဘူး…ပွင့်နေပါစေ..ပွင့်နေပါစေလေ…ဒါပေမဲ့…

သူ့ ကိုတော့ မမြင်စေချင်ခဲ့ဘူး…။ ။

3 comments:

  1. အစကနေ အဆုံးထိ ဇာတ်ကို ဆွဲသွားတာ အရမ်းမိုက်တယ် :)
    ထပ်ရေးအုန်း :)

    ReplyDelete
  2. ဪ ..... အဲ့ဒါအချစ်တဲ့လား
    သေသေချာချာနားမလည်ခဲ့ဘူး ... ဒါပေမဲ့
    အချစ်ဖြစ်မှာပါ ..သို့သော်လည်း ....
    အတွေးကောင်းလေးပါ ...ပြီးတော့အရေးကောင်းလေးပါ ..
    နောက်ပြီး ... ပိုပြီးပြည့်စုံစေ့ချင်သေးတယ်
    ရေးသားပုံလေး ...မရေးတတ်ပေမဲ့ ..ဖတ်ဘူးခဲ့တာတွေနဲ့
    နည်း၂ ကွဲနေလားလို့ ..ပုံစံအသစ်ပဲလား

    ReplyDelete
  3. အတွေးဆိုတာဟာဘယ်ကနေပေါ်လာတာလဲ.....စိတ်ရဲ့ဆန္ဒတိုင်းဟာအတွေးတွေဖြစ်တတ်တယ်လို့တော့ထင်တာပဲ....ကောင်းပါတယ်.....ဒါပေမယ့်.....ကိုယ်တိုင်မရေးတတ်ပေမယ့်ခံစားလို့တော့ရပါတယ်.....နဲနဲလေးလိုနေသလိုပဲ

    ReplyDelete